သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သိပ္ပံနည်းကျသော၊ လက်တွေ့ကျသော၊ အကြောင်းအကျိုး ညီညွတ်သော နည်းလမ်းများကို အသုံးပြုလျက် လိုအပ်သော မေးခွန်းများ၏ အဖြေများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ သုတေသနပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မရှာဖွေမလေ့လာရသေးသော၊ တိမ်မြုပ်ဖုံးကွယ်နေသော အမှန်တရားများကို တွေ့ရှိရန်ဖြစ်သည်။ သုတေသနတစ်ခုစီတွင် မတူညီသော ကိုယ်ပိုင် ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသော်လည်း သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း အုပ်စုများခွဲခြားနိုင်သည်၊
- ဖြစ်ရပ်တစ်စုံတစ်ရာနှင့် ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် နားလည်သိရှိရန် သို့မဟုတ် ထိုဖြစ်ရပ်နှင့် သက်ဆိုင်သော အမြင်သစ်များရရှိနိုင်ရန်၊
- အုပ်စုတစ်စု သို့မဟုတ် အခြေအနေတစ်ရပ် သို့မဟုတ် တစ်ဦးချင်းစီ၏ ဝိသေသလက္ခဏာများကို တိတိကျကျ မှန်မှန်ကန်ကန် သရုပ်ဖော်ပြသရန်၊
- တစ်စုံတစ်ရာဖြစ်ပေါ်ခြင်း သို့မဟုတ် ၄င်းနှင့်ဆက်စပ်သောအရာအချို့၏ ကြိမ်နှုမ်း (အကြိမ်အရေအတွက်) ကို သတ်မှတ်ရန်၊
- ပြောင်းလဲကိန်း (variables)များ ကြားရှိ ဆက်စပ်မှုများ သို့မဟုတ် အယူကြမ်း (hypothesis) များ ကို စစ်ဆေးရန် တို့ဖြစ်ပါသည်။
သုတေသနပြုလုပ်ရသည့် အကြောင်းရင်းများကို ထပ်မံစဉ်းစားလျှင် “ဘယ်အရာတွေက လူတွေကို သုတေသန ပြုလုပ်စေသလဲ” ဟူသောမေးခွန်းသည် အခြေခံကျပြီး အရေး ပါသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ အောက်ပါ အချက်များသည် သုတေသနပြုလုပ်စေရန် ဖြစ်နိုင်ခြေ ရှိသော အကြောင်းရင်းများ ဖြစ်ပါသည်။
- သုတေသနဘွဲ့ ရရှိရန်၊
- မဖြေရှင်းရသေးသော ပြဿနာများကို ဖြေရှင်းရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊
- ဖန်တီးတီထွင်ရသော အလုပ်များကို လုပ်ဆောင်ခြင်းအတွက် အသိဥာဏ်ပညာများ ရရှိရန်၊
- လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန်၊
- ဂုဏ်သတင်းကောင်းရရှိရန် တို့ဖြစ်ကြသည်။
ထို့အပြင် သုတေသနပြုလုပ်ရသည့် အကြောင်းရင်းများထဲတွင် စူးစမ်းလေ့လာ ဖော်ထုတ်လိုသည့် အချက်လည်း ပါဝင်နေသည်။ သုတေသနဆိုင်ရာ စူးစမ်းလေ့လာ ဖော်ထုတ်လိုသည့် အကြောင်းရင်း လေးမျိုးရှိသည်။ ၄င်းတို့မှာ –
- ယခင်ကမရှိသေးသည့် အကြောင်းအရာ၊ အချက်အလက်များကို စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
- ယခင်ကရှိပြီးသော်လည်းမပြည့်စုံသေးသဖြင့် ပြည့်စုံအောင်စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
- ယခင်ကရှိပြီးသော်လည်း အမြင်သစ်ဖြင့် စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
- ယခင်ကရှိပြီးသော်လည်း မှားယွင်းနေကြောင်းပြင်ဆင်လို၍ လေ့လာဖော်ထုတ်ခြင်း တို့ဖြစ်ကြသည်။
သို့သော်လည်း ဖော်ပြပါ အချက်များသည် လူများကို သုတေသနပြုလုပ်စေရန် ပြည့်စုံသော အကြောင်းရင်းများမဟုတ်သေးပါ။ အစိုးရ၏ ညွှန်ကြားချက်များ၊ အလုပ်တာဝန်များ ထမ်းဆောင်ခြင်းနှင့် ဆိုင်သော အခြေအနေရပ်များ၊ အသစ်အသစ်သော အကြောင်းအရာများအပေါ်တွင် စူးစမ်းသိလိုခြင်း၊ ပြောင်းလဲကိန်း (variables) များ၏ ဆက်စပ်မှုများကို နားလည်သိရှိလိုခြင်း၊ လူမှုရေးဆိုင်ရာ အသိ၊ သတိများနိုးကြားလာခြင်း တို့ကဲ့သို့သော များစွာသော အချက်များသည် လူများကို သုတေသန ပြုလုပ်စေရန် အရင်းခံအကြောင်းရင်း ဖြစ်ပါသည်။



