Abstract ရေးသားသောအခါ Active Vioce ကို ဖြစ်နိုင်သမျှ အသုံးပြုရေးသားပါ။ သို့သော် abstract အများစုမှာ passive voice ဝါကျများလည်း လိုအပ်နိုင်သည်။ Abstract ကို ကျစ်လစ်ပြီး ပြည့်စုံသော ဝါကျများဖြင့် ရေးသားပါ။ ထို့အပြင် အဓိကအချက်များကိုဖော်ပြပြပြီး past tense ကို အမြဲအသုံးပြုရေးသားပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် ပြီးစီးထားသော စာတမ်းကို မှတ်တမ်းရေးနေခြင်းဖြစ်သည်။
(၁) Abstract Format
Abstract ကိုရေးသားရာတွင် block format ဖြင့် စာပိုဒ်တစ်ပိုဒ်တည်းသာရေးသားသင့်သည်။ အများစုမှာ ခေါင်းစဉ် စာမျက်နှာပြီးနောက် abstract စာမျက်နှာကို ထည့်သွင်းထားတတ်ကြသည်။ Abstract စာမျက်နှာတွင် စာမျက်နှာ နံပါတ် မထည့်သွင်းပါနှင့်။ Abstract ဆိုသည့်စကားလုံးကို ယေဘုယျအားဖြင့် စာမျက်နှာထိပ်၏ အလယ်တည့်တည့်တွင် ထားသင့်သည်။ နောက်ဆုံးဝါကျများတွင် သုတေသနစာတမ်း၏ ခြုံငုံသုံးသပ်ချက်များ၊ လက်တွေ့အသုံးချနိုင်မှုများကို ကျစ်လစ်စွာရေးသားလျက် အကျဉ်းချုပ်ဖော်ပြသင့်သည်။ ထို့နောက် သင့်တော်မည်ဆိုပါက သုတေသနတွေ့ရှိချက်များမှ ဖော်ပြနေသော နောက်ထပ်သုတေသနပြုလုပ်ရန်လိုအပ်ချက်ကို ဖော်ပြသည့် စာကြောင်းတစ်ကြောင်းကို ဆက်လက်ထည့်သွင်းရေးသားနိုင်သည်။
(၂) Abstract ကို စီကုံးရေးသားပုံ
Abstract သည် သုတေသနစာတမ်း၏ ပထမဆုံး အခန်းငယ်တစ်ခုဖြစ်သော်လည်း သုတေသနစာတမ်းတစ်ခုလုံး၏ အကျဉ်းချုပ်ဖြစ်သောကြောင့် ၄င်းကို နောက်ဆုံးအချိန်တွင်သာ ရေးသားသင့်သည်။ Abstract ရေးရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ စာတမ်း၏ အခန်းတစ်ခုစီမှ အဓိက စာပိုဒ်များကို ယူထားပြီး ၄င်းတို့ကို အစဉ်အတိုင်းအကျဉ်းချုပ်ရေးသားရန်ဖြစ်သည်။ စာကြောင်းတစ်ကြောင်းနှင့်တစ်ကြောင်းတို့၏ ဆက်သွယ်ချက်များ ရှင်းလင်းပြေပြစ်စေရန် connecting phrase or words များကို ဂရုတစိုက် ထည့်သွင်းရေးသားနိုင်သည်။ စာရင်းအင်းဆိုင်ရာတွေ့ရှိချက်များကို ကြားညှပ်ဖော်ပြသင့်သည်။ Abstract တွင်ဖော်ပြထားသော အချက်အလက်များသည် စာတမ်းထဲတွင် ရေးသားချက်များနှင့် လုံးဝကိုက်ညီနေရမည်။ Abstract တွင် စာလုံးရေ နည်းနိုင်သမျှ အနည်းဆုံးကို သုံးလျက် စာတမ်း၏ အရေးအကြီးဆုံးသော အချက်အလက်များကို အစဉ်လိုက်ဖော်ပြသင့်သည်။
(၃) Abstract တွင် မထည့်သွင်းသင့်သောအရာများ
• ရှည်လျားသော background နှင့် စကားဆက်များ
• အရေးမပါသော စကားပိုဒ်များ၊ မလိုအပ်သော adverbs and adjectives များ၊ ထပ်တလဲလဲ အချက်အလက်များ
• အတိုကောက်စကားလုံးများ
• အခြားသော စာပေ အကိုးအကာများ
• စကားမြှပ်များ သို့မဟုတ် မပြည့်စုံသော ဝါကျများ
• ဗန်းစကားများ သို့မဟုတ် စာဖတ်သူကို ရှုပ်ထွေးသွားစေနိုင်သော အသုံးအနှုန်းများ
• တခြား paper များ၏ citation များ
• ပုံဖြင့်ဖော်ပြချက်များနှင့် ဇယားများ
စသည်တို့ကို abstract တွင် ထည့်သွင်းဖော်ပြခြင်းမပြုရပါ။
Aye Mar Way
